"မူဝါဒ"
"မူဝါဒ"
တိုင်းရင်းသားများနှင့် နိုင်ငံသားများကြား တန်းတူညီမျှသော အခွင့်အရေးနှင့် တည်တံ့ခိုင်မြဲသော ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးကို ဦးတည်သည်။ နိုင်ငံရေး၊ စစ်ရေးပဠိပက္ခများ ချုပ်ငြိမ်းစေပြီး နားလည်မှုပြည့်ဝသော လူ့အဖွဲ့အစည်းတစ်ရပ်ထူထောင်ရန်၊ လူမှု၊ စီးပွား၊ ပညာ စသော ကဏ္ဍအသီးသီးတို့ကို တိုးတက်စေရန် အားလုံးနှင့်လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်လာမည့် အနာဂတ်မျိုးဆက်သစ်တို့အတွက် နိုင်ငံရေးဝန်းကျင်သစ်နှင့် အစဉ်အလာ ကောင်းများ ချန်ထား လက်ဆင့်ကမ်းအမွေပေးနိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်သွားမည်။
အမျိုးသားရေးကဏ္ဍ
မိမိတို့နိုင်ငံ၏ ပထဝီနိုင်ရေးအရ နိုင်ငံကြီးများအကြားတွင် တည်ရှိနေသဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ဖို့ရာ နိုင်ငံချစ်စိတ်နှင့် မျိုးချစ်စိတ်သည် မိမိတို့နိုင်ငံအတွက် အသက်တမျှ အရေးကြီးပေရာ အမျိုးသားရေး၊ အမျိုးသားလုံခြုံရေးနှင့် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ကို “ လွတ်လပ်ရေးကဲ့သို့ “ ရေရှည် တည်တံ့ခိုင်မြဲအောင်တည်ဆောက်၍ ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ပါသည်။
ဘာသာရေးကဏ္ဍ
ဘာသာတရားတိုင်းကို လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် ပေးမည့်အပြင် ဘာသာတရားကြီး တစ်ခုနှင့်တစ်ခု အပြန်အလှန် လေးစားလိုက်နာသွားကြရန်နှင့် မိမိတို့ နိုင်ငံတော်ဖြစ်ပေါ်လာမှုနှင့်အတူ စတင်ကျင့်သုံး ကိုးကွယ်ခဲ့သည့် ယ့ုကြည်ကိုးကွယ်မှု အများဆုံးဖြစ်သည့် မူရင်းဘာသာတရား အပေါ်၌လည်းအစဉ်လေးစားလိုက်နာမှုရှိစေရန် တည်ဆောက်သွားမည်။
တိုင်းရင်းသားများကဏ္ဍ
လူမျိုးကြီးများ၊ လူမျိုးစွဲဝါဒအပေါ် အခြေမခံပါ။ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရရှိမှုအပေါ် ယုံကြည်လက်ခံထားသည်။ ပြည်ထောင်စုကြီးမှ ခွဲမထွက်ဘဲ ငြိမ်းချမ်းစွာအတူလက်တွဲ ဆောင်ရွက်ပြီး မျှတသော ဖက်ဒရယ်စနစ်ကို လက်ခံထားသည်။
စီးပွားရေးကဏ္ဍ
အခွင့်ထူးခံမဟုတ်သော မှန်ကန်သည့် ယှဉ်ပြိုင်မှုအပေါ် အခြေခံသည့် ဈေးကွက်စီးပွားရေးစနစ်ကို လက်ခံထားပြီး လုပ်ငန်းရှင်များ၊ လူလတ်တန်းစားများနှင့် အခြေခံလူတန်းစားဟူသည့် လူတန်းစား(၃)ရပ်ကို ပိုမိုတိုးတက်စေမည့် စီးပွားရေးစနစ်ကို အခြေခံသည်။ အစိုးရ၏ မူဝါဒဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် တောင်သူလယ်သမား၊ အလုပ်သမားများ၏ စီးပွးရေးလုပ်ငန်းများကို မြှင့်တင်ပေးနိုင်သည့် စီးပွားရေးမူဝါဒများ ပေါ်ပေါက်လာရေး ကြိုးပမ်းသွားမည်။ ထို့ပြင်ဈေးကွက်စီးပွားရေးကျင့်စနစ်၏ ဘေးထွက်ဆိုးကျိုးအရ တိုင်ရင်းသားများ၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ပေးမည့် ဥပဒေ၊ မူဝါဒများကိုလည်း ဖောင်ဆောင်သွားမည်ဖြစ်ပါသည်။တိုင်းပြည်ကုန်ထုတ်စွမ်းအားကို လုပ်ဆောင်နေသည့် လယ်သမား၊ အလုပ်သမား၏ လူမှုစီးပွားဘဝကို သိသာစွာ မြှင့်တင်ပေးသွားမည်။ အလုပ်လက်မဲ့လျော့ချရေး၊ နည်းပညာ ၊ ငွေကြေးအကူအညီပေးရေးတို့ကို မှန်ကန်တိကျစွာဆောင်ရွက်မည်။ လူတန်းစား(၃)ရပ်လုံး၏ လူမှုစီးပွားဘဝကို သိသာထင်ရှားတိုးတက်စေရမည်။
နိုင်ငံရေးကဏ္ဍ
လူထုကို အခြေပြုသည့် ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးမည်။ ဒီမိုကရေစီအပေါ် အခြေခံပြီး ပူးပေါင်းဆောင်ရွက်နိုင်သည့် နိုင်ငံရေး၊ ပါတီအားလုံးပါဝင်နိုင်သောစနစ် (Proportional Representation-PR) စနစ်ကို လက်ခံသည်။ နိုင်ငံရေးယဉ်ကျေးမှု၊ လွှတ်တော်ယဉ်ကျေးမှုထွန်းကားရေး ဆောင်ရွက်မည်။ အသိပညာမြင့်မား၍ လူထုအကျိုး၊ နိုင်ငံအကျိုးကို အမှန်တကယ် တာဝန်ယူဆောင်ရွက်နိုင်မည့် မျိုးဆက်သစ်လူငယ် နိုင်ငံရေးသမားများကို မွေးထုတ်၍ပြုစုပျိုးထောင်သွားစေမည်။
အုပ်ချုပ်ရေးကဏ္ဍ
ပွင့်လင်းမြင်သာခြင်း၊ တာဝန်ယူ ၊ တာဝန်ခံစေခြင်း၊ အမှန်တကယ် လူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော အတတ်ပညာ အုပ်ချုပ်မှု ယန္တယားကို တည်ဆောက်သွားမည်။ ပြည်သူလူထုအပေါ်လေးစားလိုက်နာသော၊ မိမိတာဝန်အပေါ် လေးစားလိုက်နာသော အုပ်ချုပ်ရေးစနစ်ကိုပြုပြင်ပြောင်းလဲသွားမည်။ ကြိုးနီစနစ်မဟုတ်ဘဲ အထက်အောက် တိုက်ရိုက် အလျင်အမြန်အကျိုးသက်ရောက်စေသည့် အုပ်ချုပ်ရေးနစ်ဖန်တီးမည်။ ဆရာမွေး၊ တပည့်မွေးစနစ်ပပျောက်စေပြီး လူမှန်နေရာမှန်ရောက်စေရေး ဆောင်ရွက်သွားမည်။
ပညာရေးကဏ္ဍ
သက်တမ်းတစ်ခုအတွင်း ပညာရေးကဏ္ဍများတိုးတက်ရေး အတွက် တွန်းအားပေး ဆောင်ရွက်သွားမည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးစနစ်သည် အဓိကကျသည်ဟု ခံယူထားသဖြင့် ပညာရေးစနစ်နှင့် ပညာရေးလောက ပတ်ဝန်းကျင် တစ်ခုလုံး စိမ်းလန်းစိုပြေ သာယာဝ ပြောစေရမည်။ အခြေခံမှသည် တက္ကသိုလ် ပညာများအထိ ပညာရေးသင်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသား များသည် ဂုဏ်သိက္ခာနှင့်အညီနေထိုင် နိုင်စေရမည်။ ကိုယ်ပိုင်ကျောင်းများကိုလည်း အားပေးမည့်အပြင် ပညာရေးဠာနများ၏ အမိန့်နှင့် ညွှန်ကြားချက်များကိုလည်း တိကျစွာ လိုက်နာစေရမည်။
ကျန်းမာရေးကဏ္ဍ
ပြည်သူလူထုအနေနှင့်ပိုမိုကျယ်ပြန့်သော ကျန်းမာရေးဝန်ဆောင်မှုများကို ရရှိစေပြီး အခမဲ့ကျန်းမာရေးစနစ် ပီပြင်စွာဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်သွားမည်။ ပြည်သူများကျန်းမာရေးအာမခံချက်ရှိစေမည်။ ဆေးကုသမှု၊ ဆေးဝါးလုံလောက်မှု၊ ကျေးလက်ကျန်းမာရေး စသည့် တို့၌ ကျယ်ပြန့်စွာမြင့်တင်မည်။ ပုဂ္ဂလိကဆေးရုံ ကိုအားပေးမည်။ သို့သော် တာဝန်ယူ၊ တာဝန်ခံမှု ရှိစေရမည်။ အခြေခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မည့်ပြည်သူ့ဆေးရုံများကို အဆင့်မြှင့်နိုင်ရေးဦးစားပေးမည်။
ဉပဒေပြုရေးနှင့် တရားစီရင်ရေး
(No one is above the law) မည်သူမျှ ဉပဒေအထက်တွင်မရှိစေရ။ ပြည်သူလူထုကို အမှန်တကယ်အကျိုးပြုမည့် မှန်ကန်မြန်ဆန်သည့် တရားစီရင်ရေးစနစ်ကို ပီပြင်ထိရောက်အောင် ဆောင်ရွက်သွားမည်။ ပြည်သူများသည် ဂုဏ်သိက္ခာရှိစွာ တရားစီရင်ခွင့် ရရှိစေရမည်။ တရားလို၊ တရားခံ၊ တရားပြိုင် ဂုဏ်သိက္ခာရှိစွာ တရားစီရင်ခွင့်ရရှိစေရမည်။ အဂတိတရား ကင်းရှင်းသည့် တရားစီရင်ရေးစနစ် ဖြစ်ထွန်းရေးအထူးကြိုးပမ်းသွားမည်။ တရားသူကြီးများကျမ်းကိုင် တရားစီရင်ရေးနှင့် ၎င်းတို့ကိုခေါ်ယူစစ်ဆေး အရေးယူနိုင်မည့် ဥပဒေများပေါ်ပေါက်လာရေး အစဉ်ဆောင်ရွက်မည်။ ပြည်သူကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် ဥပဒေများနှင့် တရားစီရင်ရေးမူစနစ်များကို ပြုပြင်ဆောင်ရွက်သွားမည်။
တောင်သူလယ်သမား၊ အလုပ်သမားကဏ္ဍ
စိုက်ပျိုးရေးကိုအခြေခံသည့် တောင်သူလယ်သမားများ၏ ကဏ္ဍမှာ အခြေခံ အကျဆုံးဖြစ်သည်။ လယ်လုပ်သူ လယ်ပိုင်ခွင့်ရှိစေရမည်။ မိမိတို့ နှစ်သက်ရာသီးနှံကို လွတ်လပ်စွာ စိုက်ပျိုးခွင့် ၊ ရောင်းချခွင့် ရှိစေရမည်။ ဈေးကွက်စီးပွားရေးကို တိုက်ရိုက်ချိတ် ဆက်ပေးပြီး စိုက်ပျိုးစရိတ်၊ နည်းပညာ၊ လယ်ယာသုံးပစ္စည်းများ ပံ့ပိုးနိုင်ရေးဆောင်ရွက်မည်။ တောင်သူလယ်သမားများ၏ လူမှု၊ စီးပွားရေးဘဝ ရေတိုအတွင်းတိုးတက်စေရမည်။ အလုပ်သမားများ လုပ်ခ၊ လစာ၊ အခွင့်အရေးနှင့် ရပိုင်ခွင့်များတိုးတက်စေရမည်။ အလုပ်သမားအဖွဲ့အစည်းများ လွတလပ်စွာ ဖွဲ့စည်းခွင့်ရစေရမည်။ အလုပ်လက်မဲ့ လျော့ချရေး၊ လုပ်ငန်းရွေးချယ်နိုင်ရေး၊ လုပ်ငန်းသစ်များ တိုးချဲ့ပေးမည်ဖြစ်ပြီး လုပ်ငန်းရှင်နှင့်အလုပ်သမား ပြိုင်တူတိုးတက် ဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးသွားမည်။ အလုပ်သမားများ ခေါင်းပုံဖြတ်မှု မခံရစေရေး ဆောင်ရွက်ပေးမည့်အပြင် အလုပ်သမားများ၏ ကျန်းမာရေး ၊ လူမှုဖူလုံရေးအတွက် အာမခံပေးနိုင်သည့် ဥပဒေများဖော်ဆောင်သွားပေးမည်ဖြစ်သည်။
အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ(ဗဟို) ရုံး
လိပ်စာ : မော်လမြိုင်မြို့၊ မွန်ပြည်နယ်။
ဖုန်း : ၀၉၇၅၂၅၁၅၄၈၆၊ ၀၉-၆၇၉၁၀၂၀၁၀၊ ၀၅၇-၂၀၂၆၉၅၅
Email : info@nidpmm.org